လေ့ကျင့်ခန်းလုပ်လိုက်၊ စားလိုက်နဲ့ ဝိတ်မကျနိုင်တဲ့ သံသရာ
Gym ဆော့နေသူတွေအတွက် ဒီခေါင်းစဉ်လေးက သိပ်ပြီးစိမ်းမယ်မထင်တဲ့ အကြောင်းအရာလေး ဖြစ်မယ်ထင်ပါတယ်။ အကယ်လို့ ကိုယ်မပါဘူးဆိုရင်တောင် ကိုယ်ဆော့နေတဲ့ Gym မှာ အနည်းဆုံးတစ်ယောက်လောက်ကတော့ ဝိတ်မကျလို့ဆိုပြီး ညည်းနေကြတာ ကြားဖူးမှာပါ။ ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ တွေးကြည့်ဖူးလား။
အဖြေကတော့ စည်းစနစ်မရှိလို့ပါပဲ။ ဝိတ်ကျဖို့အတွက် ပိုက်ဆံအကုန်ခံပြီး Gym ဆော့တယ်၊ လေ့ကျင့်ခန်းကို ဖြစ်သလိုလုပ်တယ်၊ အစားကို မဆင်ခြင်ဘူး၊ ကျန်းမာရေး ဂရုမစိုက်ဘူး၊ အိပ်ချိန်မမှန်ဘူးဆိုရင်တော့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ဆိုတာ ဝေးနေဦးမှာပါပဲ။
အရင်ဆုံး လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်
- ဘယ်နေ့မှာ ဘာဆော့ရမလဲလို့ သေချာသတ်မှတ်ထားတာမျိုးမရှိဘဲ အစုံဆော့တတ်ကြတယ်။
- လေ့ကျင့်ခန်းလုပ်တဲ့အခါ အဓိကညှစ်ရမယ့်ကြွက်သားကို မညှစ်ဘဲ လက်မောင်းကိုပဲ ဖိပြီးအားသုံးတတ်ကြတယ်။
- လေ့ကျင့်ခန်းဆိုတာ တောက်လျှောက် သွေးပူပူနဲ့လုပ်မှ ကယ်လိုရီကျနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကြားထဲမှာ ညောင်းညာလို့ နားလိုက်ပြီ၊ အသိမိတ်ဆွေတွေနဲ့ တွေ့လို့ စကားပြောနေပြီ၊ ဖုန်းသုံးရင်း Facebook တွေ ဖွင့်ကြည့်နေပြီ၊ ကိုယ်လုံးပေါ်မှန်ကနေပဲ ဓာတ်ပုံတွေ ရိုက်နေပြီဆိုရင်တော့ သေချာပါတယ်၊ ဝိတ်ကျဖို့ တော်တော်ခဲယဉ်းနေဦးမှာပါ။
- Gym ကို နေ့တိုင်းဆော့ဖို့ မလိုပါဘူး။ ဒါပေမယ့် ရက်မှန်အောင် ဆော့ရပါမယ်။ ကြားထဲမှာ နားချိန်၊ နားရက် အများကြီး ယူလို့အဆင်မပြေပါဘူး။
အစားအသောက်နဲ့ ပတ်သက်ပြီး ဆက်ပြောရမယ်ဆိုရင်
၁။ ငါကတော့ လေ့ကျင့်ခန်းလုပ်နေတာပဲဆိုပြီး အစားမဆင်ခြင်ဘဲ စားချင်ရာစားမယ်။
၂။ Cheat Day ကို အကြောင်းပြလို့ ကယ်လိုရီ၊ အဆီတက်စာတွေ၊ အချိုတွေကို ပုံမှန်ထက် ၂-၃ ဆလောက် စွတ်စားလိုက်မယ်။
၃။ ညဘက်တွေမအိပ်ဘဲ သွားရေစာလေးတွေ နည်းနည်းစားလိုက်မယ်။
၄။ Diet Plan လည်း သေချာမချချင်သလို Healthy Food တွေ စားဖို့က ခံတွင်းမမြိန်တဲ့အတွက် စားချင်သလိုစားတယ်။
၅။ ကိုယ်တစ်နေ့တာ ဘာစားရမလဲ၊ ဘာရှောင်ရမလဲ၊ ကယ်လိုရီဘယ်လောက်ဖိုးပဲ စားရမလဲဆိုတာ တွက်ချက်ခြင်းမရှိဘူး။
၆။ နည်းပြဆရာ လမ်းညွှန်တဲ့အတိုင်းလည်း လိုက်မစားပေးနိုင်ဘူး။
၇။ နည်းနည်းလေးပဲလေဆိုပြီး မစားသင့်တာတွေကို နည်းနည်းစီ ခိုးစားတယ်။
တခြားအကျင့်တွေဆိုရင်လည်း အိပ်ရေးပျက်တာ၊ ကျန်းမာရေးမကောင်းလို့ နေမကောင်းဖြစ်တာနဲ့ Gym ကို တစ်လလောက်ပျက်တာ၊ လေ့ကျင့်ခန်းကို ဖိဖိစီးစီး မလုပ်ရင်တော့ ဝိတ်ကျဖို့ ပန်းတိုင်က ဘယ်လိုမှ ရောက်မှာ မဟုတ်ပါဘူး။
အဲဒီတော့ စာရေးသူအနေနဲ့ အကြံပေးရမယ်ဆိုရင်
- ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သေချာသိအောင် အရင်လုပ်ပါ။ အကုန်လုံးဖြစ်ချင်လို့ မရပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုကို စတေးရပါမယ်။ ခန္ဓာကိုယ်လှလှလေးဖြစ်ချင်တယ်၊ ဝိတ်ကျချင်တယ်ဆိုရင် အဆီတက်စာတွေ ရှောင်ရပါမယ်။ ကိုယ်စားချင်တာပဲ စားမယ်ဆိုရင် ဝိတ်ကျဖို့ မတွေးပါနဲ့။
- ဝိတ်ကျဖို့အတွက် ဆုံးဖြတ်ချက်ချပြီးရင် ဆက်လုပ်ပါ။ ပလန်ကို သေချာချပါ။ ကြားထဲမှာ ဘယ်သူမှမသိပါဘူးဆိုပြီး ဟိုနည်းနည်း ဒီနည်းနည်း လျှောက်မစားပါနဲ့။ ဘယ်သူမှမသိရင်တောင် ကိုယ်တိုင် သိသလို Gym က ပေါင်ချိန်စက်ကလည်း သိပါတယ်။
- Gym ဆော့ဖို့ ပျင်းတယ်ဆိုရင် ကိုယ့်လိုပဲ လေ့ကျင့်ခန်းလုပ်နေသူတွေနဲ့ အဖော်စပ်ပြီး Gym ကို အတူကစားပေးပါ။
- လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့ ကြားထဲမှာ အပင်ပန်းခံရမှာ၊ စိတ်ရှည်ရမှာတွေ အများကြီးရှိပါတယ်။ တတ်နိုင်သလောက် သည်းခံပါ။
- Diet နဲ့ ပတ်သက်လာရင် အရမ်းကြီးတင်းကြပ်စရာမလိုပါဘူး။ တအား အဆီတက်တဲ့၊ ကယ်လိုရီတက်တာတွေကို ရှောင်ပါ။ မရှောင်နိုင်ရင် နည်းနည်းပဲ စားပြီး လေ့ကျင့်ခန်းပိုလုပ်ပါ။ အစာအုပ်စု စုံအောင် စားပေးပါ။
- ညဘက်ကို အိပ်ရေးဝအောင် အိပ်ပေးပါ။
ရဲမျိုးမြတ်